About Organization

ရတနာ့မေတ္တာ

ရတနာ့မေတ္တာအဖွဲ့အား ၁၀-၉-၂၀၀၄ ရက်နေ့တွင် ဗုဒ္ဓဘာသာအသသင်းအဖွဲ့(၉)ဖွဲ့ စုပေါင်းပြီး HIV ကိုစွဲကပ်ခံ နေရ သူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ထေရဝါဒဗုဒ္ဓဘာသာ အဆုံးအမများနှင့်အညီ ပူးပေါင်းကူညီပေးနိုင်ရန် သဘောတူ ညီချက်ဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

စတင်ဖွဲ့စည်းစဉ်က အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရမှုမှ ကြိုတင်ကာကွယ် တားဆီးရေး လုပ်ငန်းများနှင့် ဝေဒနာရှင်များ အပေါ် အဆိုးမြင်ကာ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမည့် နိမ့်ချခွဲခြား ဆက်ဆံမှုများ ကင်းစင်သော ပတ်ဝန်းကျင် ကောင်းဖြစ်လာ စေရန် ရည်ရွယ် လုပ်ဆောင်ခဲ့ပါသည်။

၎င်းနောက် အန္တရာယ်ကျရောက်လွယ်သည့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကိုလည်း တိုးချဲ့ လုပ်ကိုင် ခဲ့ပြီး ၂၀၀၈ ခုနှစ် ၊ မေ လဆန်း နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး များတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၁ ခုနှစ်တွင် မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးများတွင် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ဖြစ်သော စိုက်ပျိုးရေး ၊ မွေးမြူရေး နည်းစနစ်များအား အသိပညာပေးခြင်း ၊ သောက်သုံး ရေရရှိရေး ကျန်းမာရေးနှင့် အလုပ် အကိုင်ရရှိရေးအတွက် လူမှုကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

အလားတူ လမ်းပေါ်ရောက်ကလေးများအတွက် နားခိုရာရိပ်သာများကို ရန်ကုန်မြို့၊ ပုသိမ်မြို့၊ တောင်ကြီးမြို့များတွင် ဖွင့်လှစ်ပြီး ကလေးများအား အသက်မွေးဝမ်းကျောင်း ပညာများဖြစ်သော စက်ပြင်၊ကားပြင်၊ ဆိုင်ကယ်ပြင် သင်တန်းများ ၊ စက်ချုပ်သင်တန်းသား ၊ သူနာပြုသင်တန်းများ၊ အိမ်တွင်းမှု အတတ်ပညာများကို သင်ကြားပေးနိုင်ခဲ့ပါသည်။

ထိုကဲ့သို့ လူမှုကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီး ဌာနမှ အသင်းအဖွဲ့ မှတ်ပုံတင် များကို ရယူကာ ဆောင်ရွက်လျက်ရှိရာ ယခု လက်ရှိ အသင်းအဖွဲ့မှတ်ပုံတင်မှာ ၊ ၁/ပြည်တွင်း/၁၀၉၈ ဖြစ်ပြီး ၃၁-၁၂-၂၀၂၄ အထိ သက်တမ်းရရှိထားပြီး ဖြစ်ပါသည်။

ယခုအခါ ရတနာ့မေတ္တာအဖွဲ့သည် HIV ရောဂါပိုး ဝင်ရောက်ခံစားနေရသူပေါင်း ၁၃၀၀ ကျော်ကို ART ဆေး အခမဲ့ တိုက်ကျွေးခြင်း ၊ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း ၊ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ စီမံချက်ကို အမှတ်၊ ၄၈၃-ခ၊ အောင်မေတ္တာလမ်း၊ (၄)ရပ်ကွက်တောင်ပိုင်း၊ သာကေတ၊ ရန်ကုန်တိုင်းတွင် ဆောင်ရွက်လျက် ရှိပါသည်။

ထို့ပြင် ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ကလေးလူကြီး (၇၀၀) ခန့်အား ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဖြစ်သည့် ကလေးများအား စွမ်းဆောင်ရည် မြှင့်တင်ခြင်း ၊ ကလေးဖြစ်ရပ်များကို ညွှန်းပို့ ချိတ်ဆက်ပေးခြင်း ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စိတ်ပါဝင်စားသည့် ရပ်ရွာအတွင်းရှိ ရပ်မိရပ်ဖ များအား အသိပညာပေးခြင်း ၊ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း စသည့် လုပ်ငန်းများကိုဆောင်ရွက်နေပါသည်။

ပဲခူးတိုင်း ဒေသကြီး ရွှေကျင်မြို့နယ်၌ ရွာပေါင်း (၄၀) ခန့်တွင် ကလေး လုပ်သားလျှော့ချရေး လုပ်ငန်းများကိုစောင့် ကြည့်လေ့လာသည့် စီမံချက်အား ဆောင်ရွက်လျက်ရှိပါသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကလေး ပြောင်းရွှေ့လုပ်သားများအား စောင့်ကြည့် လေ့လာသည့် လုပ်ငန်းစဉ်ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် အလုပ်သမား ဥပဒေနှင့်အညီ အလုပ်ရှင် အလုပ်သမားများ၏ ရပိုင်ခွင့်အားများ ဥပဒေအထောက်အကူပြုသည့် စီမံချက်ကိုလည်း ဆောင်ရွက်လျက်ရှိရာ အလုပ်ရှင် အလုပ်သမားများအား အလုပ်သမားဥပဒေများကို အသိပညာပေးခြင်း၊ အလုပ်ရှင် အလုပ်သမား ပဋိပက္ခအား ညှိနှိုင်းဖြန်ဖြေပေးခြင်း စသည့် လုပ်ငန်းကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

ရတနာ့မေတ္တာအဖွဲ့သည် ဖော်ပြပါလုပ်ငန်း စီမံချက်များကို ဆောင်ရွက်လျက်ရှိသည့်အပြင် လူမှုအကျိုးပြု စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သော ရတနာ့မေတ္တာ အသေးစား ငွေရေးကြေးရေး ကုမ္ပဏီလီမိတက်ကို ပဲခူးတိုင်းဒေသကြီး ရွှေကျင် မြို့နယ်ရှိ ရပ်ကွက်ကျေးရွာ (၄၀) ကျော်တွင် ရှိသော အခြေခံလူတန်းစားများ၏ စားဝတ်နေရေး သက်သာချောင်ချိစေရန်နှင့် အမျိုးသမီးများ စီးပွားရေး ဆောင်ရွက်တတ်လာစေရန် ရည်ရွယ်ပြီး ဆောင်ရွက်လျက်ရှိရာ အသင်းသားပေါင်း (၆၀၀၀) ကျော် ရှိနေပြီ ဖြစ်ပါသည်။

ထို့ပြင် အဆိုပါ ကုမ္ပဏီမှရရှိသည့် အမြတ်ငွေများဖြင့် ရပ်ရွာအတွင်း လိုအပ်လျက်ရှိသော စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ သောက်သုံးရေတွင်း ရေကန်များ တူးဖော် လှူဒါန်းခြင်း၊ အသင်းသားများ သေဆုံးပါက ထောက်ပံ့ငွေများပေးခြင်း စသည့် လူမှုကူညီရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

အနာဂတ်မျှော်မှန်းချက်

လူသားတိုင်းလူနေမှုဘဝ မြင့်မားလာပြီး ခွဲခြားဆက်ဆံမှု ကင်း၍ ငြိမ်းချမ်းသာယာ ပျော်ရွှင်စွာ နေထိုင်လျက် ရှိကြသည်။

ရည်မှန်းချက်

ရတနာ့မေတ္တာအဖွဲ့သည် အကူအညီ လိုအပ်နေသူများအတွက် ကျန်းမာရေး၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ လူနေမှုဘဝတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နေသော အဖွဲ့အစည်းအဖြစ် ရပ်တည်ရန်။

ကျွန်ုပ်တို့၏တန်ဖိုး

အသင်းအဖွဲ့စိတ်ဓာတ်၊ အရည်အသွေး၊ ရိုးသားမှု၊ ဂုဏ်သိက္ခာ၊ စာနာမှု၊ မေတ္တာ၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု

ရည်ရွယ်ချက်

  • လူထုအတွင်း ထိရောက်သော ကျန်းမာရေးဝန်ဆောင်မှုများ ရရှိစေပြီး ကူးစက်ရောဂါများ လျော့ကျစေရန်နှင့် ယင်းတို့၏ မိသားစုများဘဝ တိုးတက်မြင့်မားလာစေရန်။
  • ကလေးသူငယ်များ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကလေးသူငယ် အခွင့်အရေးများကို အပြည့်အဝဖော်ဆောင်ပေးနိုင်သည့် ပတ်ဝန်းကျင်ကောင်း ဖြစ်ပေါ်လာစေရန်။
  • ထိခိုက်ခံစားရသော အမျိုးသမီးများအား အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုပေးရန်နှင့် အမျိုးသမီးများအား စွမ်းဆောင်ရည် မြင့်တက်လာရေးအတွက် ပံ့ပိုးမှုပေးရန်။
  • အကူအညီလိုအပ်နေသော မိသားစုများ၏ အခြေခံစားဝတ်နေရေး ဖူလုံမှုရှိစေရန်နှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုရရှိရန်။
  • ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ရပ်ရွာ‌ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုရန်။
  • ရည်မှန်းချက်တူညီသော အဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်နှင့် ယင်းအဖွဲ့များနှင့် ချိတ်ဆက် ပူး‌ပေါင်းဆောင်ရွက်ရန်။
  • အဖွဲ့ရေရှည်တည်တံ့ရေးနှင့် မိမိတို့ချမှတ်ထားသော Vision, Mission ကို ပေါက်မြောက်ရန်အတွက် လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်။